မျက်စိကို ဘယ်လိုမျိုး သန့်ရှင်းရေးလုပ်ကြမလဲ
ခန္ဓာကိုယ်ကို သန့်ရှင်းဖို့ ဆပ်ပြာတိုက်၊ ရေချိုးလို့ ရပေမယ့် မျက်စိကိုတော့ ဆပ်ပြာတိုက်လို့ မရတော့ မျက်စိထဲကို ဖုန်မှုန့်တွေ၊ တခြားပြင်ပ အရာဝတ္ထုတွေ ဝင်တဲ့အခါ၊ မျက်စိနာပြီး မျက်ဝတ်တွေ၊ ပြည်တွေနဲ့ ခြောက်ပြီး ကပ်နေတဲ့အခါ မျက်စိကို မထိခိုက်အောင် ဘယ်လိုသန့်ရှင်းရေး လုပ်မလဲဆိုတာက အရေးကြီးပါတယ်။
မျက်စိကို ဘယ်လိုသန့်ရှင်းမလဲ ဆိုတာက မျက်စိထဲကို ဝင်သွားတာ သို့မဟုတ် မျက်စိထဲမှာ ရှိနေတာက ဘယ်အရာလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
🔸ဓာတုပစ္စည်း (Chemicals) တွေ
ဂျီးချွတ်ဆေးတွေ၊ ကြွေပြားသန့်စင်တဲ့ဆေးရည်တွေ၊ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ၊ မှန်ကြည်ဆေးရည်တွေ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်တွေ စသဖြင့် လက်တစ်ကမ်းမှာ ရှိတတ်တဲ့ အိမ်သန့်ရှင်းရေးနဲ့ စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းတွေ မတော်တဆ ဝင်သွားတဲ့အခါ မျက်စိက အလွန်နာကျင်နေတတ်ပါတယ်။
အဲဒီလိုဝင်သွားရင် အရင်ဆုံး လုပ်ရမှာက မျက်စိကို ဆေးတာပါ။ ရေအေး သို့မဟုတ် Saline ရည်နဲ့ မျက်စိကို ၁၅ မိနစ်ခန့် ကြာအောင် ဆေးကြောရပါမယ်။ မျက်ကပ်မှန် တပ်တဲ့သူဆို မျက်ကပ်မှန်ကို ချွတ်ပြီး မျက်စိကို ဆေးပါ။ ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေ ဝင်တာဆိုရင် ရေဆေးတာက လုံလောက်ပေမယ့် တခြား Chemicals တွေ ဆိုရင်တော့ မျက်စိဆရာဝန်နဲ့ ထပ်မံပြသဖို့ လိုအပ်ပါလိမ့်မယ်။
🔸ဖုန်နဲ့ အမှိုက်တွေ
လေတိုက်လို့ ဖုန်တွေ၊ အမှိုက်တွေ မျက်စိထဲဝင်ရင် မျက်ရည်ထွက်အောင် လုပ်ပါ။ အပေါ်မျက်ခွံကို အောက်မျက်ခွံဖုံးတဲ့ထိ ဆွဲချပြီး မျက်တောင်ကို အကြိမ်ရေများများခပ်တာက မျက်ရည်ထွက်စေပြီး ဖုန်နဲ့ အမှိုက်တွေကို အပြင်ထွက်လာစေပါတယ်။
မျက်စိကို ရေနဲ့ ဆေးကြောလို့လည်း ရပါတယ်။ ဖုန်နဲ့ အမှိုက်တွေ ထွက်သွားတဲ့အထိ ဆေးကြောပါ။ အမှိုက်ဖတ်ကို မြင်နေရရင် ရေဆွတ်ထားတဲ့ အဝတ်စနဲ့ အသာအယာ ဆွဲယူနိုင်ပါတယ်။ မျက်စိကို မထိခိုက်မိအောင် သတိထားပြီး အသာအယာ ဆွဲယူပါ။ အမှိုက်က မျက်စိမှာ ကပ်နေရင်တော့ အဝတ်စနဲ့ ဆွဲယူဖို့ မသင့်ပါဘူး။ မျက်စိကို မပွတ်မိဖို့ သတိထားပါ။ ပွတ်မိရင် အထဲထိ ရောက်သွားနိုင်တာမို့ပါ။
🔸ပြည်နဲ့ အချွဲတွေ
အအေးမိတဲ့အခါ၊ မျက်စိနာတဲ့အခါနဲ့ မျက်ရည်ပြွန် ပိတ်နေတဲ့ အခါမျိုးမှာ မျက်ဝတ်တွေ၊ အချွဲတွေက မျက်တောင်တွေမှာ ကပ်ပြီး ပိတ်နေတတ်ပါတယ်။ အဲဒီပြည်နဲ့ အချွဲတွေကို သန့်ရှင်းဖို့အတွက် အဝတ်စကို ရေနွေးနွေးလေးနဲ့ ဆွတ်ပြီး မျက်စိပေါ်မှာ မိနစ်အနည်းငယ်ခန့် အုပ်ထားပေးပါ။ လိုအပ်ရင် ရေထပ်ဆွတ်ပြီး ထပ်ခါထပ်ခါ လုပ်ပေးပါ။ ပြီးရင် ရေနွေးနွေးဆွတ်ထားတဲ့ ဂွမ်းတံ သို့မဟုတ် အဝတ်စထောင့်စွန်းနဲ့ မျက်စိကို ငြင်သာစွာ သုတ်ပေးပါ။ ဂွမ်းတံအသစ် လဲလှယ်ပြီး လုံးဝသန့်ရှင်းသွားတဲ့အထိ လုပ်ပေးရပါမယ်။
မျက်စိကို သန့်ရှင်းတဲ့အခါမှာ
- မျက်စိကို မကိုင်ခင် လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောဖို့၊ သန့်ရှင်းတဲ့ရေ ဖြစ်ဖို့၊ သုံးတဲ့ ဂွမ်းတံနဲ့ အဝတ်စတွေက သန့်ရှင်းဖို့ အရေးကြီးပါတယ်။ မသန့်ရှင်းရင် ရောဂါပိုးတွေ ထပ်မံဝင်ရောက်စေနိုင်ပါတယ်။
- မျက်စိကို သန့်ရှင်းပြီးပေမယ့် မျက်စိက နာနေတာ၊ နီရဲနေတာ၊ အလင်းရောင်ကို မကြည့်နိုင်တာ၊ ပြည်နဲ့ အချွဲတွေ တောက်လျှောက်ထွက်နေတာ၊ မျက်စိကြည့်မကောင်းတာ၊ ဖွင့်မရတာမျိုး ရှိနေရင် မျက်စိဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။
- မျက်စိဟာ နူးညံ့ပြီး အရေးပါတဲ့ အစိတ်အပိုင်းလေးပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်စိပြဿနာတွေအတွက် မျက်စိကို စနစ်တကျ သန့်ရှင်းတတ်မှသာ မထိခိုက်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်